International News

ခရီးသွားလာသူများအား ထိတွေ့ကိုင်တွယ်ရမှုအနည်းဆုံးဖြင့် လုံခြုံစွာဖြတ်သန်းသွားလာနိုင် ရေး စင်ကာပူချန်ဂီလေဆိပ်က ပြင်ဆင်လျက်ရှိ

Last Updated:

ကိုဗစ် ၁၉ ကာလအတွင်း စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှတစ်ဆင့် ခရီးသွားလာသူများအနေဖြင့် လုံခြုံစိတ်ချစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် စီမံဆောင်ရွက် လျက်ရှိပြီး၊ ယင်းအစီအမံများတွင် လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးကောင်တာ၌ ခရီးသည်များ၏ လက်ဗွေဖတ်ခြင်းအစား မျက်နှာနှင့် မျက်လုံးတို့အား Scan ဖတ်ခြင်း၊ ခရီးစဉ်အတွက် ကိုယ်တိုင်စာရင်းသွင်းခြင်း (Self Check-in) နှင့် အထုပ်အပိုးအပ်နှံခြင်း (Baggage Drop) တို့ကို ပြုလုပ်သောစက်များအား ထိတွေ့ရန်မလိုဘဲ အသုံးပြုနိုင်ခြင်း၊ လေဆိပ်အတွင်း သန့်ရှင်းရေးစက်ရုပ်များအသုံးပြုခြင်း၊ ထိတွေ့ကိုင်တွယ်မှုပြုလုပ်ရန်မလိုသော သန့်စင်ခန်း များကို အသုံးပြုနိုင်ခြင်းတို့ ပါဝင်ကြောင်း၊ ထို့ပြင် လေဆိပ်ရှိ ဓါတ်လှေကားခလုတ်များကို ဖိနှိပ်ရန်မလိုဘဲ အသုံးပြုနိုင်ရန်နှင့် စက်လှေကားများ၏ လက်ကိုင်တန်းများကို ခရမ်းလွန် ရောင်ခြည်ဖြင့် ပိုးသတ်ခြင်းတို့ကို စမ်းသပ်လုပ်ဆောင်နေကြောင်း သိရှိရပါသည်။

ယခုအခါ လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးကောင်တာများ၌ ခရီးသည်များ၏ မျက်နှာ နှင့် မျက်လုံးတို့အား Scan ဖတ်သည့် ကင်မရာများကို လေဆိပ်တာမီနယ် ၁ နှင့် ၃ တို့တွင် တပ်ဆင်ထားပြီးဖြစ်ကြောင်း၊ ထိုသို့ မျက်နှာ သို့မဟုတ် မျက်လုံး Scan ဖတ်နိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်နယ်စပ်စစ်ဆေးရေးအာဏာပိုင်ထံတွင် မှတ်တမ်းမရှိသေးသောသူများသာ လူဝင်မှုကြီးကြပ်ရေးကောင်တာတွင် သာမန်နည်းလမ်းအတိုင်း တစ်ကြိမ်စစ်ဆေး မှုခံယူ၍ မှတ်ပုံတင်နိုင်ကြောင်း၊ အနီအောက် ရောင်ခြည်ဆင်ဆာစနစ်အသုံးပြုထားသည့် အတွက် လက်ချောင်းလှုပ်ရှားမှုများကို ခြေရာခံနိုင်သော ထိတွေ့ကိုင်တွယ်ရန်မလိုဘဲ Self Check-in နှင့် Baggage Drop တို့ကို ပြုလုပ်နိုင်သည့်စက်အလုံးပေါင်း ၁၆၀ ကျော်ကိုလည်း တပ်ဆင်ထားပြီးဖြစ်ကြောင်း၊ ခရီးသည်များနှင့် ဆက်ဆံရသည့် Check-in ကောင်တာ၊ လူဝင်မှု ကြီးကြပ်ရေးကောင်တာ၊ အကောက်ခွန်ဌာနကောင်တာ၊ အခွန်ပြန်အမ်းခြင်းနှင့် သတင်းမေးကောင်တာများတွင် ပလပ်စတစ်အကာ (Acrylic Screen) စုစုပေါင်း ၄၀၀ နီးပါးကိုလည်း တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ ဤအစီအမံများက ခရီးသည်များအနေဖြင့် လေဆိပ်ရှိ ဝန်ထမ်းများနှင့် အရာဝတ္ထုများ၏ မျက်နှာပြင်များအား ထိတွေ့ကိုင်တွယ်ရမှု အနည်းဆုံးဖြင့် စိတ်ပေါ့ပါးသက်သာစွာ ဖြတ်သန်းသွားလာနိုင်ရန်နှင့်  နိုင်ငံတကာတွင် လေကြောင်းခရီးသွားလာမှုများ ပြန်လည်စတင်လာချိန်၌ ခရီးသည်များ၏ ယုံကြည်မှု အပြည့်အဝရရှိစေရန် ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း ချန်ဂီလေဆိပ်လုပ်ငန်းအုပ်စု (Changi Airport Group) က ပြောကြားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ်။        ။  The Straits Times

Category: International News